Thursday, January 23, 2014

ဓာတ်ပုံပညာဆိုတာ ဘာလဲ ??? (ကျော်နန္ဒ)

ဓာတ်ပုံပညာဆိုတာ ဘာလဲ ??? (ကျော်နန္ဒ)

January 23, 2014 at 3:59pm

တဖြည်းဖြည်းခွဲခြမ်း စိတ်ဖြာလိုက်ရင် နောက်ဆုံးမှာသိသာလာတဲ့စကားလုံးက “အမြင်” ဆိုတာပဲဖြစ်ပါတယ်။ထားပါတော့။ “အမြင်” ပဲဖြစ်ဖြစ်၊ “စိတ်ကူးစိတ်သန်း” ပဲဖြစ်ဖြစ်၊“အာရုံ” ပဲဖြစ်ဖြစ်၊ အားလုံးကို ခြုံကြည့်ရင်တော့ ဖြစ်ပေါ်စေချင်တဲ့ပုံရိပ်ကို စိတ်ကူးစိတ်သန်းနဲ့ အာရုံမှာ ကြိုတင်သိမြင်လာတဲ့စွမ်းရည်ကို ပိုင်ဆိုင်ပြီး လက်ထဲမှာရှိတဲ့ အကူပစ္စည်းနဲ့ ဖန်တီးလိုက်တာပါပဲ။

ဓာတ်ပုံပညာဆိုတာ အများနားလည်သလိုကင်မရာတွေ၊ မှန်ဘီလူးတွေ ကိုင်တွယ်ခြင်းကိစ္စဟာ အဓိကမဟုတ်ရပါဘူး။
ဓာတ်ပုံတစ်ပုံကို ဖန်တီးတဲ့အခါမှာ- တစုံတရာကို မြင်မယ်၊
- မြင်တဲ့ အဲသည်အရာကို ဘယ်လိုပုံလေးပေါ်အောင်လုပ်ရမယ်ဆိုတာကို သိတယ်၊
- သိတဲ့အတိုင်း ဖန်တီးတယ်၊
ဒါကြောင့် ဦးစွာပထမ အရာရာကို သတိမူတတ်ခြင်းဆိုတဲ့ စွမ်းအင်ဟာ အဓိကကျလှပါတယ်။ လက်ညိုးကလေးကွေးပြီး ကင်မရာရှပ်တာကို ဖွင့်လိုက်တာဟာ အရေးသိပ်မပါလှတော့တဲ့ နောက်ဆုံးအဆင့်ပါ။

ဓာတ်ပုံပညာနဲ့ ပန်းချီပညာဟာ အတော်နီးစပ်ပါတယ်။ပညာရပ်နှစ်မျိုးစလုံးဟာ တကယ်လက်တွေ့ဘဝမှာ ကြုံလာတာတွေကို အခြေပြုပြီးရလာတဲ့ ကိုယ့်ရဲ့ စိတ်ကူးယဉ်မှုကိုလက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အရာတစ်ခုအဖြစ် အကောင်အထည်ဖော်ရတာချင်းတူပါတယ်။

ဒိုင်မင်းရှင်းနှစ်ခုသာရှိတဲ့ ချပ်ပြား မီဒီယာပေါ်မှာဖော်ပြရတာခြင်းလည်းတူပါတယ်။ ကွဲပြားသွားတာကပန်းချီဆရာဟာ သူ့ရဲ့ စိတ်ကူးယဉ်မှုသက်သက်ကို လွတ်လပ်စွာဖော်ကျူးနိုင်တဲ့ နေရာမှာ အားသာပါတယ်။ ဓာတ်ပုံလောကမှာ စိတ်ရှုပ်စရာတစ်ခုကနည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ ကင်မရာတွေ ခေတ်မှီလာတာနဲ့အမျှ သာမာန်လူပြိန်းတစ်ယောက်လက်ထဲကို ရောက်သွားတဲ့ ခေတ်ပေါ်ကင်မရာတစ်လုံးကနေ ဖိုးကပ်စ်ပြတ်တဲ့ အိတ်စပိုရှာမှန်တဲ့ကြည်လင်တောက်ပတဲ့ ပုံကောင်းတစ်ပုံထွက်လာနိုင်တာဟာအငြင်းပွားဖွယ်ရာတစ်ခုပါပဲ။

အရင်ခေတ်တွေတုန်းကလိုဓာတ်ပုံဆရာဖြစ်ဖို့ သုံးနှစ်သုံးမိုး အမှောင်ခန်းအတွက်ဆေးစပ်တဲ့ အလုပ်လုပ်ရတာ၊ ဖလင်မထူအောင် မပါးအောင်အကွက်ကျန်အောင် သတိထားရိုက်ရတာ၊ ဖလက်မီးဖောက်ရင်ဂိုက်ဘယ်လောက် ရောက်မယ်တွက်ရတာ၊ နေပူ ၁၆ မိုးအုံ့၈ ဆိုတဲ့ဂါထာတွေ ကျက်မှတ် အာဂုံဆောင်ရတာ၊ စတာတွေစတာတွေ ဒီခေတ်မှာမရှိတော့ဘဲ လူတိုင်း လက်ညိုးကွေးပြီးဖိတတ်ရင် ရပြီဆိုတဲ့ အရာရာအော်တိုအလုပ်လုပ်တဲ့ခေတ်ကိုရောက်နေတဲ့အခါမှာ ဓာတ်ပုံဆရာဆိုတာသာမန်အိမ်သုံးသမားလား၊ အပျော်တမ်းသမားလား၊ ကြေးစားသမားလား စသည်ဖြင့် သိပ်မကွဲပြားတော့ဘဲ ကင်မရာခပ်ကြီးကြီး ကိုင်ထားရင် ဓာတ်ပုံဆရာလို့ ယေဘုယျ သတ်မှတ်ရမလိုဖြစ်လာပါတယ်။

ဒါတောင် အချို့သူဌေးများက သူတို့မွေးထားတဲ့ ခွေးတွေကြောင်တွေကို ရိုက်ဖို့အတွက် ကင်မရာအကောင်းကြီးတွေ ဝယ်တတ်တော့ ပြောရခက်ပါသေးတယ်။လူတွေ ဓာတ်ပုံပညာကို လေ့လာတဲ့အခါမှာနည်းလမ်း နှစ်ခု ရှိပါတယ်။ လူတော်တော်များများက သူတို့စိတ်ကြိုက်သုတေသနပြုပြီးထားတဲ့ ကင်မရာဝယ်ပြီးတာနဲ့ ချက်ချင်းပဲ ကင်မရာတွေ လန်းစ်တွေကို ဘယ်လို အသုံးချရမယ်ဆိုတာ အကြီးအကျယ် လေ့လာပါတော့တယ်။ ပြီးရင်တော့ ဖိုတိုရှော့လိုလိုက်ရွန်းလို ဆော့ဝဲအသုံးပြုနည်းတွေ ဆက်ပြီးလေ့လာပါတယ်။အလွန်နည်းပါးသော လူအချို့ကပဲ အနုပညာအကြောင်းကိုလေ့လာပါတယ်။ ပြီးရင် ဓာတ်ပုံထွက်ရိုက်ပါတယ်။
အပါချာကို ကျယ်ကျယ်ဖွင့်ပြီး ပြောင်းရှည်ရှည်နဲ့မော်ဒယ်ရဲ့ မျက်နှာနားကပ်ရိုက်ရင် နောက်ခံဝါးဝါးနဲ့ဓာတ်ပုံရပါတယ်။ ကင်မရာကို ဒေါက်ပေါ်တင် ကောင်းကင်ပေါ်မော့ထားပြီး ရှပ်တာကို အကြာကြီးဖွင့်ထားရင် အိပ်ရေးတစ်ရေးရတဲ့အချိန်မှာ ကြယ်တွေပြေးနေတဲ့ ဓာတ်ပုံရပါတယ်။လမ်းဘေးမှာ ရှပ်တာစပိနှေးနှေးနဲ့ ပြောင်းတရမ်းရမ်းလုပ်နေရင်ပန်နင်ရှော့လို့ခေါ်တဲ့ဓာတ်ပုံတွေ ရတတ်ပါတယ်။ မြင်ကွင်းကျယ်ဝိုက်လန်းစ်ကြီးကို အပါချာ ခပ်ကျစ်ကျစ်ထားပြီး မြေကြီးနားကပ်ပြီးပင့်ရိုက်ရင် အမြင်ဆန်းတဲ့ ပြူးပြူးပြဲပြဲ ဓာတ်ပုံတွေရပါတယ်။စသည်ဖြင့် စသည်ဖြင့် အဲသည်ပညာတွေဟာ ဓာတ်ပုံအနုပညာလား ကင်မရာတက်ကနစ်တွေလား ဆိုတာ ကွဲပြားအောင် သိမြင်ဖို့ အရေးကြီးပါတယ်။

စေတီဘုရားနောက်ခံနဲ့ ဓာတ်ပုံထဲမှာ ကိုရင်လေးတွေတန်းစီပါရင် ဆန်းပါတယ်။ အဲသည်ကိုရင်လေးတွေစာအုပ်လေးတွေကိုင်ပြီး စာဖတ်ခိုင်းထားရင် ပိုဆန်းပါတယ်။ကိုရင်လေးတွေ သင်္ကန်းခါးတောင်းကြိုက်ပြီး ဘောလုံးကန်နေကြရင် ပိုပိုဆန်းပါတယ်။ ကိုရင်လေးတွေ နေကာမျက်မှန်ကိုယ်စီတပ်ပြီး ကျိုက်ထီးရိုးက ဝါးသေနတ်ကိုယ်စီနဲ့မာန်တင်းနေကြရင် ပိုပိုပိုပြီးတော့ ဆန်းပါတယ်။ စသည်ဖြင့်စသည်ဖြင့် အဲသည်ပညာတွေကကော ဓာတ်ပုံအနုပညာလားအဆန်းအဆင်ပညာလားဆိုတာလဲ ဆန်းစစ်ကြည့်ဖို့ လိုပါသေးတယ်။

စိတ်ကြိုက် အလင်းအမှောင် အရောင်စသည်တို့လိုသလိုချိန်ညှိပေးနိုင်သော ဖိုတိုရှော့ လိုက်ရွန်း အစရှိတဲ့ ဆော့ဝဲတွေကျွမ်းကျင်တာ၊ ဟိုက်ဒိုင်းနမစ်ရှိန့်ခ်ျ(အိတ်ခ်ျဒီအာ) ဓာတ်ပုံဖန်တီးသော ဆော့ဝဲများသုံးတတ်တာ၊ဖလင်ခေတ်က လိုမိုစတိုင်၊ ခရော့စ်ပရော့ဆတ်ဆင်းစတိုင်မမှန်သောအရောင်ဆန်းနဲ့ ဓာတ်ပုံများအဖြစ် ဖန်တီးပေးသောပလပ်ကင်များရွေးတတ်တာ၊ စသည်ဖြင့် စသည်ဖြင့်တို့ကရောဓာတ်ပုံအနုပညာလား ဆော့ဝဲအော်ပရိတ်တာပညာလား ဆိုတာလည်း အမြင်ရှင်းဖို့လိုပါတယ်။

လူတိုင်းလက်ထဲမှာ ခေတ်မှီကင်မရာတွေကလည်းရှိ၊တော်တန်ရုံ ဒီအက်စ်အယ်လ်အာကင်မရာ လွယ်ထားရင်ပဲအချင်းချင်း အထင်မကြီးကြတော့တဲ့ သည်ခေတ်ကြီးထဲမှာကန်မရာမန်းတစ်ယောက်ကတော့ ပုံကောင်းထွက်ဖို့ အထက်ကပြောခဲ့သလို ကင်မရာတက်ကနစ်တွေ အဆင်ပညာတွေနဲ့သူများထက်သာအောင် ပုံဆန်းဆန်းတွေကိုမရရအောင် ဖန်တီးပါလိမ့်မယ်။ ပြီးရင် ကွန်ပျူတာဆော့ဝဲများကို အသုံးပြုပြီး စိတ်ကျေနပ်တဲ့အထိ အရောင်အဆန်းအပြားများရအောင်ချိန်ညှိပါလိမ့်မယ်။ အဲသည်အခါမှာ ကြည်လင်တောက်ပသောအမြင်ဆန်းသော သာမာန်လူများရိုက်ချက်ထက် ပိုကြည့်ကောင်းသော ဓာတ်ပုံများ ထွက်လာပါလိမ့်မယ်။

ဒါပေမယ့် ပန်းချီဆရာလို အနုပညာသမားတစ်ယောက်က ခပ်စုတ်စုတ်ကင်မရာတစ်လုံးနဲ့ဖြစ်ဖြစ် ရိုက်လာတဲ့ ပုံတွေဟာ အထက်က ကင်မရာမန်းရိုက်တာထက်ပိုကောင်းတဲ့ ပုံကောင်းတွေဖြစ်နေတာ၊ သူ့ကင်မရာမှာချိန်စရာ ညှိစရာ ခလုတ်တွေ ဖန်ရှင်တွေ အဖက်တွေ များများစားစားမပါပါဘူး။ ဒါပေမယ့် သူဟာ အမြင်ရှိပါတယ်။ဘယ်လို ဖွဲ့စည်းလိုက်ရမလဲဆိုတဲ့ ကွန်ပိုဇေးရှင်းကိုနားလည်ပါတယ်။ ဘယ်နေရာမှာ အလင်းကျနေရင် ဘယ်လို အလှတရားရှိတယ်ဆိုတာကိုလည်း ခံစားတတ်ကြပါတယ်။ ကာလာသီအိုရီနဲ့ အရောင်အယူအဆတွေဟာလည်း ကျေနေအောင်နားလည်ပြီးသားပါ။ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအချက်ကသူ့စိတ်ကူးထဲမှာ ဘယ်လို အာရုံပေါ်နေပါတယ်ဆိုတာကိုချပြပြီးခံစားစေတာပါပဲ။ ဒါဆို သူ့ပုံတွေဟာ ဘာကြောင့် ကင်မရာအကောင်းစားကိုင်ထားတဲ့ ကင်မရာမန်းတစ်ယောက်ရဲ့ကြည်လင်တောက်ပတဲ့ ပုံတွေထက်ပိုကောင်းနေတယ်ဆိုတာသိသာပါတယ်။

ဒါကြောင့် ဓာတ်ပုံပညာလေ့လာမယ်ဆိုရင်တော့တူးဒိုင်မင်းရှင်းချင်းတူတဲ့အတွက် ပန်းချီဆရာတစ်ယောက်လိုမြင်တတ်ဖို့ အခြေခံပန်းချီပညာကို တီးမိခေါက်မိထားရင်လည်းအကောင်းဆုံးပါ။ အလှတရားကို ရှာဖွေတတ်ပြီး အနုပညာကိုအာရုံခံစားတတ်အောင် လေ့ကျင့်မွေးမြူနိုင်ရင်လည်း အကောင်းဆုံးပါ။

အစကနေ ပြန်ကောက်ရမယ်ဆိုရင်
- ကင်မရာတွေ မှန်ဘီလူးတွေ ကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်ရင်မကောင်းဘူးလား (ကောင်းတာပေါ့ဗျာ)
- စုံစီနဖာကင်မရာ တက်ကနစ်တွေ လေ့လာထားရင် မကောင်းဘူးလား (ကောင်းတာပေါ့ဗျာ)
- အမြင်ဆန်းဆန်း ပုံတွေရအောင်ဆင်တတ်တဲ့ နည်းလမ်းတွေသိထားရင် မကောင်းဘူးလား (ကောင်းတာပေါ့ဗျာ)
- ဆော့ဝဲတွေနဲ့ ပုံကို လိုသလိုပြင်နိုင်တဲ့ ပုံပြင်ပညာတတ်ရင်ကောမကောင်းဘူးလား (ကောင်းတာပေါ့ဗျာ)


ဒါပေမယ့် အဲသည်ပညာတွေဟာ ဓာတ်ပုံပညာစစ်စစ်တော့မဟုတ်သေးပါဘူး။
အနုပညာရဲ့ အခြေခံ ဖွဲ့စည်းမှုတွေကို နားလည်ပြီးခံစားတတ်မယ်၊ အမြင်အာရုံထဲမှာ စိတ်ကူးယဉ်ပြီး ဖော်ကျူးမယ်။ပြီးမှ ခလုတ်နှိပ်ပါဗျာ။

ကျော်နန္ဒ
(Ken Rockwell ရဲ့ ဆောင်းပါးကို မှီငြမ်းရေးသားသည်။)

အတွဲ (၁)၊ အမှတ်(၃)၊ ၂၀၁၂၊ ဒီဇင်ဘာလထုတ်မှ